Monday, November 23, 2015

ချင်းပြည်နယ် ဟားခါးတွင် ပေါက်ကွဲမှုဖြစ်၊ ၅ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

(DVB)

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ နိုဝင်ဘာ ၂၂ ရက်ညက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ထဲမှာ မနေ့ည ၁၀ နာရီ ၃၆ မိနစ်အချိန်က ယမ်းကြိုးခွေမှလို့ ယူဆရတဲ့ ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူနဲ့ နေအိမ် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူး ရဲအုပ် သက်နိုင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ပေါက်ကွဲမှုက ယမ်းကြိုးတွေ သိုလှောင်ထားတဲ့ အိမ်တအိမ်ကနေ စဖြစ်တာ၊ လူ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရတယ်။ အိမ် ၄ လုံးနဲ့ ဂျစ်ကားတစီး၊ စူပါကပ်တစီးလည်း မီးထဲပါသွားတယ်။ မီးစလောင်တဲ့ အိမ်ရှင်လင်မယား ၂ ယောက်လုံးတော့ ခရီးသွားနေတယ်လို့ပြောတယ်။ ယမ်းကြိုးခွေပေါက်တာလို့ ကနဦး ခန့်မှန်းပါတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတုံးပါပဲ။”

သေဆုံးသူတွေမှာ အမျိုးသမီး ၄ ဦး အမျိုးသား ၁ ဦးဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ကာ လောလောဆယ် ဒဏ်ရာရသူတွေကို ဟားခါးဆေးရုံမှာ ပို့ဆောင်ထားပြီး စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါ ယမ်းကြိုးခွေတွေကို လမ်းဖောက်လုပ်ရာမှာ အသုံးပြုလေ့ရှိပြီး တဘက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ တင်သွင်းလာကြောင်း၊ အိမ်ရှင်ဟာ ယမ်းကြိုးတွေကို ပြန်လည်ရောင်းချဖို့ သိုလှောင်ထားတာ ဖြစ်နိုင်တယ်လို့ တာဝန်ကျရဲအုပ်က ပြောသွားပါတယ်။
မနေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမယ့် ဟားခါးမြို့ရဲ့ ဒီကနေ့အခြေအနေကတော့ ပုံမှန်ပဲလို့ ဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။